ကျွန်မတို့ အမျိုးသမီးတွေကိုလေးစားပါ….

0
138

ကျွန်မက ပူပူနွေးနွေး အိမ်ထောင်ကျထားပြီး အရင်လိုပဲအလုပ်ဆက်လုပ်နေတဲ့ အိမ်ထောင်ရှင် အမျိုးသမီးဆိုတော့ မိန်းကလေးတစ်ယောက် အလုပ်ခွင်မှာ ကြုံတွေ့ရတာ၊ အိမ်ထောင်ကျခါစ မိန်းကလေးတစ်ယောက် ကြုံတွေ့ရတဲ့အကြောင်းအရာတွေကို ဦးစားပေးရေးပါရစေ။

ဘယ်သူ့ ဘယ်သူကိုမှရည်ညွှန်းပြီးရေးတာမဟုတ်ဘဲ ယေဘူယျ ကျွန်မတွေ့မြင် ကြုံတွေ့ရတဲ့ အပေါ်မှာ အခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။ အလုပ်ခွင်ထဲရောက်နေတဲ့ အမျိုးသားတွေနည်းတူ အချို့လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေလည်း အကောင်း အဆိုး မျိုးစုံ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးအများစုမှာ ပိုပြီး ကြုံတွေ့ရတာက စနောက်ခြင်းခံရတာပါပဲ။ ပိုမို ရင်းနှီးလိုတဲ့ ဆန္ဒနဲ့ပါဆိုပြီးအမျိုးသမီး တွေကို သားပြောမယားပြော ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ အမျိုးသားဝန်ထမ်းအချို့ဆိုရင် သူတို့ကိုယ်တိုင်က အိမ်ထောင်သည်တွေပါ။ ဒါပေမယ့် သူတို့နဲ့ ရင်းနှီးတယ်ထင်ရတဲ့ အခြား ဝန်ထမ်းအမျိုးသမီးတွေကို ထိကပါး ရိကပါး စနောက်တတ်ကြတယ်။ အမျိုးသမီးတွေကလည်း ရေလိုက်ငါးလိုက်နေ တယ်။ စနေတယ် နောက်နေတယ် ဆိုပြီးတော့ပေါ့။ ဒီလို စတာ နောက်တာလို့ယူဆတဲ့အတွက် ဒီကိစ္စကို အဆင်ပြေတဲ့သူတွေလည်းရှိမှာပါ။ ဒါပေမယ့် ဒါမျိုးကိစ္စတွေက ကျွန်မအတွက်တော့ အဆင်မပြေပါဘူး

အမြဲတမ်းလိုလို သားပြောမယားပြော ပြောခြင်းဟာ ဝန်ထမ်းတွေအကြား ရင်းနှီးမှု ရစေတဲ့ နည်းလမ်းတစ်ခုလို့ နောင်လာနောက်သားတွေက ထင်လာကြတယ်ထင်ပါရဲ့။ လပိုင်းအတွင်းမှာ အရင်က အဲ့လို စနောက်မှုမျိုးမလုပ်တတ်တဲ့ သူတွေကပါ လုပ်လာကြတယ်။ အဲ့ဒါကို အဟုတ်ကြီးမှတ်နေကြရဲ့။ ကျွန်မတစ်ကိုယ်တည်းအနေနဲ့ကတော့ ဒီလိုလုပ်ရပ်ကို မကြိုက်ပါဘူး။ အညှီဟောက်စနောက်မှုမျိုး၊ သားပြောမယားပြောလုပ်မှုမျိုးကို လက်မခံနိုင်ပါဘူး။ အခြားနည်းနဲ့ ရင်းနီးအောင် စလို့ရပါတယ်။ ကျွန်မ အမျိုးသားနဲ့ ကျွန်မနဲ့ ပတ်သတ်ပြီး စလို့၊ နောက်လို့ရပါတယ်။ ချစ်ခြင်းမေတ္တာ၊ လွမ်းခြင်းဋီကာနဲ့ ပတ်သတ်တာဆိုလည်း စလို့ရတာပါပဲ။ အလွန်ဆုံး ကျွန်မအသားရည်၊ အပြုအမူနဲ့ပတ်သတ်လို့လည်း ဟာသလုပ်တာ ကျွန်မလက်ခံနိုင်သေးပါတယ်။ ဒါပေမယ့် အိပ်ယာပေါ်က ဟာသတို့ သားပြောမယားပြော ပြောတာတို့ကိုတော့ လက်မခံနိုင်ပါဘူး။

လွန်ခဲ့တဲ့ သုံးပတ်က ကျွန်မ မင်္ဂလာဆောင်ပါတယ်။ အိမ်ထောင်သည်တစ်ယောက်အဖြစ် ပထမဆုံး ကြုံတွေ့ရတဲ့ အံ့အားသင့်ခြင်းကတော့ လူတွေရဲ့ မေးခွန်းတွေ၊ အကြည့်တွေ နဲ့ဟာသပြတ်လုံးတွေပါပဲ။ မကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောကြ၊ကြည့်ကြ၊မေးကြတာမဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ငြိမ်ခံနေရင် ဒီလိုလုပ်တာတွေက ထမင်းစား၊ရေသောက်လို ပုံမှန်လုပ်လို့ရတဲ့ကိစ္စတွေလို့ ထင်မှာစိုးလို့ ကျွန်မပြောပါမယ်။ အခြား အပြုသဘောဆောင်တဲ့ commentတွေပြောတဲ့သူတွေကိုတော့ ကျေးဇူးတင်ပါတယ်။

အိမ်ထောင်ကျပြီးတဲ့အခါ – ခြေဆုံးခေါင်းဆုံးကြည့်ကြတယ်။ ဘာပြောင်းလဲသွားလဲပေါ့။ ဝလာရင် ယောက်ျားယူတာနဲ့တည့်တယ်လို့ပြောကြတယ်၊ ပိန်သွားတော့ အလုပ်များတယ်ထင်တယ်ဆိုပြီး စနောက်ကြတယ်။ ကျွန်မက နဂိုကတည်းက မျက်တွင်းကျပြီး မျက်ကွင်းညိုတဲ့သူ။ ဟန်းနီးမွန်းကအပြန် မျက်တွင်းတွေတောင် ဟောက်ပက်ဖြစ်လာတယ်ဆိုတာက ပါသေး။ ပြီးတော့ အိပ်ယာပေါ်က ဟာသတွေ တစ်ပုဒ်ပြီးတစ်ပုဒ်နဲ့ ဆက်စပ်ပြီး မေးခွန်းတွေထုတ်မယ်၊ လှည့်ပတ်စကြမယ်။ မိန်းကလေးတစ်ယောက် အိမ်ထောင်ကျသွားတာနဲ့ အညှီဟာသတွေပြော၊ အိပ်ယာပေါ်က အဖြစ်အပျက်တွေကို သွယ်ဝိုက်စနောက်ကြဖို့ ပိုလွယ်သွားပြီ၊ ပိုသင့်တော်ပြီလို့ ထင်နေကြတဲ့ အမျိုးသားထုတွေ၊ အမျိုးသမီးထုတွေက ပတ်ဝန်းကျင်မှာ ဝိုင်းနေလေ့ရှိတယ်။ ဒါဟာ လုပ်ငန်းခွင်ထဲမှာ Professional ကျကျလုပ်ကိုင်နေသူတွေရဲ့ လက္ခဏာလည်းမဟုတ်ဘူးလို့လဲ မြင်မိတယ်။ ဒီလိုပြောတာဟာ အဆင်ပြေတယ်လို့ထင်တဲ့သူတွေလည်းရှိမှာပါ၊ ဒါပေမယ့် ကျွန်မအတွက်တော့ အဆင်မပြေပါဘူး။

အချုပ်မှာ ကျွန်မပြောချင်တာကတော့ အလုပ်ခွင်ဝင်နေတဲ့ ပျိုပျို အိုအို အမျိုးသမီးတွေကို ထိကပါး ရိကပါးမပြောခြင်းဖြင့်၊ သားပြောမယားပြောမပြောခြင်းဖြင့် အမျိုးသားကောင်းများ ပီသအောင်နေနိုင်ကြဖို့ပါပဲ။
အမျိုးသမီးတစ်ယောက် အိမ်ထောင်ကျခြင်း၊မကျခြင်းဟာ လိင်ပိုင်းဆိုင်ရာ စနောက်မှုမျိုးစနောက်ဖို့ ပိုလွယ်ကူခြင်း၊မလွယ်ကူခြင်းနဲ့တိုက်ရိုက်အချိုးမကျဘူးဆိုတာ သိမြင်စေချင်တယ်။
အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ တစ်ဖက်လူရဲ့ ကိုယ်ကျင့်သိက္ခာကိုထိန်းပေးခြင်းအားဖြင့် ကိုယ်ကိုကိုယ်တိုင်ရဲ့ ဂုဏ်ကို မြှင့်တင်ပြီးသား ဖြစ်တယ်လို့လည်း ယုံကြည်တယ်။

ကျွန်မလိုမျိုး ကြုံရတဲ့အမျိုးသမီးတွေလည်းရှိကြမှာပါ၊ ကံကောင်းရင်လည်း မရှိဘူးပေါ့လေ။ ကြုံသည်ဖြစ်စေ မကြုံသည်ဖြစ်စေ၊ အမျိုးသမီးတိုင်းကို လေးစားစေချင်တာပါပဲ။

ကျွန်မတို့လို အမျိုးသမီးတွေတင်မဟုတ်ဘဲ အခြားလုပ်ငန်းခွင် မဝင်နေတဲ့ အမျိုးသမီးတွေကိုလည်း လေးစားတဲ့ အမျိုးသားတွေကိုလည်း လေးစားပါ။

Credit – Tin Ma Ma Htet