Single တိုင်း ရည်းစားလိုချင်တယ်လို့ ဘယ်သူပြောလဲ

0
136

ဟဲ့ ဟိုမှာလာတဲ့ကောင်လေးက ချောတယ်။ နင်လည်း ရည်းစားမရှိဘူးဆိုတော့ သွားခေါ်ပေးမယ်လေ။’

‘ငါ့သူငယ်ချင်းကလည်း စင်ဂယ်၊ နင်လည်း စင်ဂယ်ဆိုတော့ စိတ်ဝင်စားလား။ ငါချိတ်ပေးမယ်လေ။’

စသည်ဖြင့် စကားသံတွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကြားရတော့ ‘စင်ဂယ်ဖြစ်နေရတာ ရှက်စရာကိစ္စတစ်ခုလားလို့’ ထင်ကောင်းထင်မိကြလိမ့်မယ်နော်။ လမ်းသွားရင်လည်း တစ်ယောက်တည်းဆိုတော့ ဟိုခေါ်ချင်ဒီခေါ်ချင်နဲ့ အထင်အမြင်သေးလွန်းတဲ့အကြည့်တွေ၊ စချင်နောက်ချင်တဲ့ ပါးစပ်တွေရယ်၊ လမ်းသွားလမ်းလာအချိန်တွေမှာရော ‘ဟေ့ ချွတ် ချွတ် တစ်ယောက်တည်းလား။ လိုက်ခဲ့မယ်လေ’ ဆိုတာမျိုးတွေရယ် ဒါတွေက စင်ဂယ်လ် ကောင်မလေးတိုင်း ကြုံတွေ့ဖူးတဲ့အရာတွေပါ။

အဓိက ဒီလိုမြင်ကြတဲ့အကြောင်းအရင်းက မိန်းကလေးတွေကို အားနည်းသူလို့ မသိစိတ်ကရော သိစိတ်ကပါ သတ်မှတ်ထားကြတာမို့ ဘေးနားမှာ အဖော်တစ်ယောက်မမြင်တဲ့အခါ အဲ့ဒီလိုတွေပြောဆိုကြတာ ဖြစ်ပါတယ်။ ဒီစကားက မမှန်ဘူးလားဆိုတော့ မှန်သင့်သလောက်မှန်ပါတယ်။ ဘာလို့လဲဆိုတော့ စင်ဂယ်ဆိုတာ အမျိုးမျိုးရှိတာကိုး ။ အများသောအားဖြင့် နှင်းတို့ပတ်ဝန်းကျင်မှာ နှစ်မျိုးတွေ့ရတတ်တယ်။ တကယ် ကိုယ့်အတွက် ချီနှောင်မှုထက် လွတ်လပ်မှုကို လိုလားလို့ တစ်ယောက်တည်း နေတဲ့လူနဲ့ ရည်းစားနဲ့ပြတ်တုန်း ‘စင်ဂယ်သာအကောင်းဆုံး’ ဆိုပြီး ကြုံးအော်တာနဲ့ပေါ့။

ဒုတိယလူမျိုးအတွက်ကတော့ သူ့အနားမှာ အဖော်ဆိုတာလိုအပ်ပေမဲ့ ပထမအမျိုးအစားကို အဲ့စကားတွေကို သွားပြောရင် တော်တော်စိတ်ဆိုးကြပါတယ်တဲ့။ (ရုံးက လက်ဂျန်ဒွီ အယ်မကျိပြောတာ :P)။ နှင်းအခုပြောတဲ့ တကယ်ကိုယ့်အတွက်အဖော် လုံးဝမလိုအပ်တဲ့စင်ဂယ်ဆိုတာ…

(၁) သူ့အလုပ်သူအေးဆေးလုပ်ပြီးသာသာယာယာနေတတ်တဲ့လူတွေပါ။

နေ့လည်း အလုပ်၊ ညလည်း အလုပ် အလုပ်လုပ်ဖို့ပဲ အချိန်ပြည့်တွေးနေပြီး နေ့မအိပ် ညမအိပ် တကုပ်ကုပ်နဲ့အလုပ်လုပ်နေတတ်တဲ့လူတွေပါ။ အိပ်ရင်းနဲ့တောင် ယောင်ယမ်းပြီး အလုပ်အကြောင်း အိပ်မက်မက်ချင်နေတတ်တဲ့လူမျိုးတွေပေါ့။

(၂) ချစ်သူရည်းစားထက် သူငယ်ချင်းတွေနဲ့ သာယာနေသူတွေပါ။

ချစ်သူနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တာထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ရယ်စရာတွေ ပြောပြီး တွေ့ဆုံရတာကို ပိုနှစ်သက်တတ်ကြပါတယ်။ တီတီတာတာ ချစ်ကြည်နူးနေတာထက် လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေနဲ့ ခွီရတာကို အားသန်တတ်တာမျိုးပါ။

(၃) တစ်ယောက်တည်း ဘဝမှာကိုပျော်နေတာ။

သူများအတွဲတွေ ကြည်နူးနေလည်း အားမကျတတ်သလို ရန်ဖြစ်ကြ အပူတွေဖြစ်ကြပြီဆိုရင်လဲ ကာယကံရှင်တွေထက် ပိုပူတတ်တဲ့လူမျိုးတွေပါ။ ဒီလို ကြည်နူးခဏ နဲ့ အပူတွေမကြာမကြာဖြစ်နေတာမျိုးဆို သူကိုယ်တိုင်က မလိုချင်တာပါ။ အဲ့တော့ ရည်းစားထားပြီး အပူတွေအမြဲမိမယ့်အစား တစ်ယောက်တည်း နေပြီး အေးအေးဆေးဆေးသာသာယာယာ ဖြတ်သန်းနေလိုက်တယ်လေ။

ဒါလေးတွေက အေးအေးဆေးဆေး တစ်ယောက်တည်း နေတတ်တဲ့လူမျိုးတွေရဲ့ ပုံစံလေးတွေပေါ့။ တစ်ကိုယ်တည်း အပျိုကြီးလုပ်လို့ ယောက်ျားမုန်းဝါဒီကို စွဲကိုင်ထားသူတွေလည်း မဟုတ်ရပါ။ ကိုယ့်ဘဝမှာ ကိုယ်နေသားကျနေတဲ့ လွတ်လပ်တဲ့ မိန်းကလေးတွေပါ။ သူတို့တစ်ယောက်တည်း နေတယ်ဆိုတာ သူများတွေအလကားနှိုက်မြည်းဖို့မဟုတ်ပါဘူး၊ ပါးစပ်အရသာခံစရာတွေလည်း မဟုတ်ပါဘူး။ အဲ့လိုပဲ သူတို့ကိုယ်တိုင် တန်ဖိုးထားလို့ ရွေးချယ်ထားတဲ့ ဘဝမို့ သူတို့တန်ဖိုးထားတဲ့ဘဝကို ထိခိုက်စေမယ့် စကားတွေကို ရှောင်ကြဉ်သင့်တယ်လို့ နှင်းတော့ ထင်မိတယ်။

Credit: Hnin Ei Oo (For Her Myanmar)