မအားလပ်သည့်ကြားက စင်ကာပူရှိ မြန်မာဘုန်းကြီးကျောင်းကို ရောက်အောင်သွားခဲ့သည့် ဇာဏ်ခီတို့ မိသားစု

0
68

ပြည်တွင်း ပြည်ပမှ မြန်မာပရိသတ်များရဲ့ အထူးအားပေးထောက်ခံမှု ရရှိထားသော သရုပ်ဆောင်ဇာဏ်ခီ နဲ့ဇနီးသည်ဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနာခီတို့ဇနီးမောင်နှံဟာ ဥပယ်တံမျဉ် ရုပ်ရှင်ကား ပြသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေရာမှ ဒီကနေ့မှာ စင်ကာပူနိုင်ငံရှိ မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်ဘုရားနဲ့တွေ့ဆုံကာ ဘုရားရှိခိုးပူဇော်ခဲ့ပါတယ်။

ဇာဏ်ခီ၊ ခရစ္စတီးနာခီ နဲ့သားဖြစ်သူ သုံးဦးတို့ဒီကနေ့နေ့လယ်ပိုင်း မြန်မာဘုန်းတော်ကြီးကျောင်း စင်ကာပူသို့ကြိုတင်အသိပေးထားခြင်းမရှိပဲ ရုတ်တရက်ရောက်ရှိလာတာ ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်အရှင် ဓမ္မိသာရ ကိုလည်း ဂါရဝါပြုတွေ့ဆုံခဲ့ပါတယ်။

အဲ့နောက် ခီမိသားစုဟာ မြန်မာဘုန်းတော်ကြီးကျောင်းမှာ တည်ထားကိုးကွယ်တဲ့ မြတ်စွာဘုရားကို ရှိခိုးဦးချပြီး ဘုန်းတော်ကြီးကျောင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ခီမိသားစုနဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံကို ကျောင်းထိုင်ဆရာတော် အရှင် ဓမ္မိသာရ က မိမိဖေ့ဘုတ်မှာတင်ခဲ့တာကို စင်ကာပူရောက် မြန်မာများက အံသြဝမ်းသာစွာဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။ စင်ကာပူကို မြန်မာပြည်မှ အနုပညာရှင်အချို့အလည်အပတ်၊ ဈေးဝယ် စသဖြင့် မကြာခဏရောက်လေ့ရှိပေမဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို တစ်ခါမှ မရောက်ဖူးသူများရှိသော်လည်း ဇာဏ်ခီတို့ဇနီးမောင်နှံမှာ မအားလပ်သည့်ကြားမှ အခုလို အချိန်ထုတ်ပြီး မြန်မာဘုန်းကြီးကျောင်း လာရောက်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာကြောင်း စင်ကာပူရှိ မြန်မာ ပရိသတ်အချို့က ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။

 

ဒါရိုက်တာ ခရစ္စတီးနာခီ ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ဇာဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ မင်းဦး တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားဟာ မူလက စင်ကာပူနိုင်ငံမှာ ၉ ပွဲသာ ပြသဖို့စီစဉ်ထားခဲ့ပေမဲ့ တောင်းဆိုသူ ပရိသတ်များလွန်းတာကြောင့် ၁၇ ပွဲထိ တိုးပြီး ပြသဖို့စီစဉ်ခဲ့ရပါတယ်။

စင်ကာပူနိုင်ငံမှာ မြန်မာဇာတ်ကားတစ်ကားကို အခုလို ရုံပြည့်ရုံလျံ ပွဲစဉ် ဒါဇင်နဲ့ချီပြီး ပြသတာ ဥပါယ်တံမျဉ်ဇာတ်ကားက ပထမဆုံး ဖြစ်တယ်လို့စင်ကာပူရောက် မြန်မာများက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလျက်ရှိပါတယ်။