(လတွေ အကြာကြီး သို့လော၊ သို့လောဖြစ်နေတဲ့ အမှုက အဆုံးသတ်ခဲ့ပါပြီ။ ကောလဟာလတွေမှာ ပြောကြသလို ထောင်လည်းမကျ၊ အသတ်လည်း မခံရပါဘူးနော်။ ဒဏ်ကြေးပဲ ပေးပြီး ပြီးသွားပါပြီ။ ဒေါ်လာ ၁၂၉သန်းဆိုတော့ တချို့တွေက နည်းတယ်တောင် ပြောကြတာပါ။ ဒဏ်ကြေးအပြင် ကျန်တဲ့အခွန်လည်း အကုန်ပြန်ပေးရမှာပါ။ အောက်က ဖန်ပင်းပင်းကိုယ်တိုင် ထုတ်တဲ့ တောင်းပန်စာပါ။)
အခုတလောမှာ ကျွန်မက တစ်ခါမှ မခံစားခဲ့ရဖူးတဲ့ နာကျင်မှုတွေ၊ စိတ်ဒဏ်ရာတွေ တွေ့ကြုံခဲ့ရပါတယ်။ နက်နက်နဲနဲ ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားမိပြီး ပြန်ဆန်းစစ်ခဲ့မိပါတယ်။ ကျွန်မရဲ့ လုပ်ရပ်တွေအတွက် နက်နက်နဲနဲ ရှက်မိပြီးတော့ နောင်တလည်း ရမိပါတယ်။ ဒီနေရာကနေပဲ အားလုံးကို ရိုးရိုးသားသား တောင်းပန်ပါတယ်။
အချိန်တော်တော်ကြာကြာပဲ “Air Strike”ရုပ်ရှင်နဲ့ တခြားရုပ်ရှင်တွေအတွက် စာချုပ်တွေမှာ “စာချုပ်၂မျိုးခွဲချုပ်တာ”နဲ့ တခြားပြဿနာရှိတဲ့ အခွန်ရှောင်နည်းလမ်းတွေကို သုံးခဲ့မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မက တိုင်းပြည်ရဲ့ အကျိုး၊ လူမှုပတ်ဝန်းကျင်ရဲ့ အကျိုးနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ အကျိုးတွေကို သေသေချာချာအလေးမထားခဲ့လို့ပါပဲ။ ကျွန်မနဲ့ ကျွန်မကုမ္ပဏီရဲ့ အခွန်ကိစ္စတွေ စုံစမ်းရေးအတွက် အခွန်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကာလတွေမှာ ကျွန်မက နက်နက်နဲနဲ ကိုယ့်အကြောင်းကိုယ်ပြန်စဉ်းစားခဲ့မိပါတယ်၊ ပြည်သူတွေကြား ထင်ရှားတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မက ဥပဒေကို ဦးထိပ်ထားလိုက်နာပြီး လူမှုပတ်ဝန်းကျင်နဲ့ ဒီနယ်ပယ်ရဲ့ စံပြပုဂ္ဂိုလ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်စည်းကမ်းကို လိုက်နာခဲ့သင့်ပါတယ်၊ စီမံခန့်ခွဲမှု လျော့ရဲသွားတာမျိုး မဖြစ်ခဲ့သင့်ဘဲ ဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို မလုပ်ဆောင်ခဲ့သင်ပါဘူး။ ဒီနေရာမှာ လူမှုပတ်ဝန်းကျင်၊ ကျွန်မကို ချစ်ခင် အလေးထားကြတဲ့ မိတ်ဆွေတွေ၊ အများပြည်သူနဲ့ အခွန်ဆိုင်ရာ အာဏာပိုင်တွေကို ရိုးရိုးသားသား တောင်းပန်ပါတယ်။
အခွန်ဆိုင်ရာ အာဏာပိုင်တွေ စုံစမ်းတွေ့ရှိချက်တွေအပေါ်မူတည်ပြီး ဥပဒေနဲ့အညီ ဆုံးဖြတ်ချက်တွေအရ ပေါ်ထွက်လာတဲ့ ဒဏ်ကြေးတွေကို အပြည့်အစုံလက်ခံပါတယ်။ အခွန်ဌာနက သတ်မှတ်တဲ့ နောက်ဆုံး ဒဏ်ကြေးအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ အခက်အခဲတွေကို ကျော်လွှားဖို့၊ ငွေရှာဖို့၊ အခွန်တွေပြန်ပေးဖို့နဲ့ ဒဏ်ကြေးတွေပေးဖို့ကို ကျွန်မ လုပ်နိုင်သမျှ ဆောင်ရွက်သွားမှာပါ။
ကျွန်မက ငယ်ငယ်လေးကတည်းက အနုပညာကို ချစ်မြတ်နိုးခဲ့ပြီး ရုပ်ရှင်နဲ့ ရုပ်သံနယ်ပယ် ထွန်းကားတဲ့ခေတ်မှာ နာမည်ကျော်ကြားလာခဲ့ပါတယ်၊ ရှေ့က စီနီယာတွေရဲ့ သွန်သင်ပေးမှုတွေ၊ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ၊ ကျွန်မရဲ့ စဉ်ဆက်မပြတ် ကြိုးစားမှုတွေနဲ့ သရုပ်ဆောင်တဲ့ဘက်မှာ အောင်မြင်မှု နည်းနည်း ရရှိခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျွန်မနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို မျှဝေခွင့်ရခဲ့တာ အင်မတန်ပဲ ဂုဏ်ယူမိပါတယ်။ ဒီအချက်ကြောင့်ပဲ ဆက်လက်ပြီး ပြောင်းလဲသွားဖို့ ကျွန်မတတ်နိုင်သမျှ ကြိုးစားသွားမှာပါ။
Translated by CPop CDrama Fans Myanmar
ကျွန်မရခဲ့တဲ့ အောင်မြင်မှုက ကျွန်မရဲ့နိုင်ငံနဲ့ ပြည်သူတွေနဲ့ ခွဲမရအောင် ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။ (ကွန်မြူနစ်)ပါတီနဲ့ နိုင်ငံရဲ့ အကောင်းဆုံး မူဝါဒတွေ မရှိဘဲ၊ ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှု မရဘဲ၊ ဖန်ပင်းပင်းဆိုတာ ရှိမလာနိုင်ပါဘူး။ ဒီနေ့မှာ ကျွန်မရဲ့ အမှားတွေအတွက် နက်နက်ရှိုင်းရှိုင်းကို စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မရဲ့ တိုင်းပြည်က ပေးခဲ့တဲ့ အသိပညာတွေရဲ့ စံနှုန်းအတိုင်း နေထိုင်ဖို့ ပျက်ကွက်ခဲ့တယ်၊ လူမှုပတ်ဝန်းကျင်က ကျွန်မအပေါ်ထားခဲ့တဲ့ ယုံကြည်မှုအတွက် မထိုက်တန်ခဲ့ဘူး၊ ရုပ်ရှင်ချစ်သူတွေ ပေးခဲ့တဲ့ ချစ်ခင်မှုတွေအတွက်လည်း မထိုက်တန်ခဲ့ပါဘူး။ ဒီနေရာမှာ အားလုံးကို နောက်တစ်ခေါက် အနူးအညွတ်တောင်းပန်ပါတယ်၊ ကျွန်မကို ခွင့်လွှတ်ပေးကြပါ။
ကျွန်မ ယုံကြည်ပါတယ်၊ ဒီကိစ္စကို တည့်မတ်အောင် ရှင်းလင်းဖို့ တွေ့ကြုံခဲ့ရပေမဲ့ ဥပဒေစည်းမျဉ်းတွေ အားလုံးကို လိုက်နာသွားပါမယ်၊ အမိန့်အားလုံးကို လိုက်နာသွားပါမယ်၊ တာဝန်ယူစရာရှိတာကို လေးလေးနက်နက် တာဝန်ယူသွားပြီး အားလုံးကို အရည်အသွေးမြင့် ရလဒ်တွေကို ပေးသွားပါ့မယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်မကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို ကြီးကြပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါ့မယ်။ ရိုးသား၊ ယုံကြည်ရပြီး ယဉ်ကျေးမှုနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လူမှုပတ်ဝန်းကျင်ကို အကောင်းမြင်တတ်တဲ့ စွမ်းအင်တွေ ပေးနိုင်အောင် ဦးစတည်ဆောင်ရွက်သွားပါ့မယ်။
နောက်ထပ်တစ်ခေါက်အနေနဲ့ လူမှုပတ်ဝန်းကျင်၊ ကျွန်မကို အမြဲအားပေးခဲ့တဲ့ ရုပ်ရှင်ချစ်သူတွေ၊ ကျွန်မကို ဂရုစိုက်ပေးခဲ့ကြတဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံးကို ဝမ်းနည်းပါတယ်လို့ ရိုးရိုးသားသား ပြောချင်ပါတယ်။
Credit – CPop CDrama Fans Myanmar