သရုပ်ဆောင်မင်းသွေးဟာ ပရိသတ်တွေနဲ့ မိသားစုကို ခွဲခွာသွားခဲ့တာ ကနေ့နဲ့ဆို ၈ ရက်မြောက်ရှိခဲ့ပါပြီ။ မင်းသွေးကွယ်လွန်သွားတယ်ဆိုတဲ့သတင်းဟာ အနုပညာလောကအတွက်တော့ တကယ်ကို တုန်လှုပ်ဖွယ်သတင်းကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ် အနစ်နာခံပေါင်းတတ်တဲ့ မင်းသွေးတစ်ယောက် ကွယ်လွန်သွားတဲ့နောက်မှာ သူငယ်ချင်းတွေရဲ့ ဝမ်းနည်းကြေကွဲမှုစာလွှာတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။
မိခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ချစ်သုဝေကလည်း ယခုလိုမျိုးမင်းသွေးရုတ်တရက်ကွယ်လွန်သွားတာကြောင့် မိခင်ဖြစ်သူ အရီးအတွက် အရမ်းကိုယ်ချင်းစာတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ မင်းသွေးဆုံးပါးသွားတဲ့ညတွင်းချင်းမှာတော့ ချစ်သုဝေက သိရှိခဲ့တာမဟုတ်ဘဲ မနက်မိုးလင်းမှ မင်းသွေးရဲ့နာရေးသတင်းကို သိရတာဖြစ်ကြောင်း ဆိုထားပါသေးတယ်။ ယခုလိုမင်းသွေးကွယ်လွန်သွားခဲ့တာကြောင့် အရီးကို ကိုယ်ချင်းစာမိတဲ့ရင်တွင်းခံစားချက်လေးတွေကို မျက်ရည်လေးတွေထိန်းပြီး ဖြေခဲ့ပါတယ်။
“မင်းသွေးက မမထရီဇာထက်လည်းငယ်သေးတယ်။ မင်းသားတစ်ယောက်အနေနဲ့က မျှော်လင့်ချက်တွေအများကြီးနဲ့ သူလုပ်ချင်တာတွေအများကြီး အိပ်မက်တွေအများကြီးရှိနေဦးမှာလေ အဲဒါတွေအကောင်အထည်ဖော်ခွင့်မရဘဲနဲ့ ရုတ်တရက်ကြီးဆိုတော့ စိတ်မကောင်းဘူးသူ့အတွက် အဓိကကတော့ အရီးပေါ့နော်။ ကိုယ်ကိုယ်တိုင်ကလည်းအမေဆိုတော့ အဲဒီသတင်းကြားကြားချင်းကို အရီးအတွက်ကို စိတ်ထဲမှာလေ အမေချင်းကိုယ်ချင်းစာတာရော ပြီးရင် အရီးနဲ့တွေ့ရင်အမြဲတမ်းပြောနေကြတာပေါ့နော်။ မင်းသွေးကအမြဲတမ်း ကိုနေတိုးနောက်ကိုပဲ လိုက်ခိုင်းတယ် အမေ့သားကြီးကိုပဲဂရုစိုက် ဆိုပြီးတော့ အရီးက သူ့သားလေးကိုလည်း ဂရုစိုက်ချင်တာပေါ့နော်။ အဲလိုစိတ်တွေရှိတော့ အရီးအတွက်ပဲ တွေးပြီးတော့ တော်တော်စိတ်မကောင်းဘူး။ အရီးလည်း ဖြေနိုင်မှာမဟုတ်ဘူးလေ ရုတ်တရက်ကြီးဆိုတော့”
“အားပေးစကားတွေကလေ ဒီအချိန်မှာ အားဖြစ်မှာမဟုတ်ပါဘူး။ အဲတော့အရီးကိုပြောချင်တာက အရီးကျန်းမာအောင်နေပါ။ ကိုယ့်စိတ်ကို အထိခိုက်မခံပါနဲ့။”
“ဘယ်အရာမှကြိုမသိနိုင်တဲ့အတွက် မထရီဇာတို့ လူ့ဘဝမှာ နေထိုင်တဲ့အခါကျရင် သေသွားရင် သယ်နိုင်မယ့်အရာတွေကို လုပ်သွားဖို့ပဲအရေးကြီးတာ။ ကိုယ်တိုင်အမေဖြစ်ရင်သိမှာပါ လူတစ်ယောက်ဟာ ကိုယ်မဖြတ်သန်းဖူးသရွေ့ ကိုယ်မတွေ့ကြုံဖူးသရွေ့ ကိုယ်ကိုတိုင်မခံစားဖူးသရွေ့ ကိုယ်ချင်းစာနိုင်တယ်ဆိုတာ အဲဒါ အလကားပြောတာ။ အဲတော့ အမေတစ်ယောက်ရဲ့စိတ်၊ နှလုံးသားမျှော်လင့်ချက်တွေ သားသမီးတိုင်းမှာထားတဲ့စိတ်တွေဟာ အမေဖြစ်မှပဲသိမှာပါ”လို့ အမေတစ်ယောက်ရဲ့ ကိုယ်ချင်းစာ ခံစားမှုလေးတွေကို မျှဝေပြီး ပြောပြသွားခဲ့ပါတယ်။We Love Cele
Source-Sunday Journal အင်တာဗျူးမှဖြေကြားချက်အချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။