အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတုန်းက နေအိမ်မှာ သေဆုံးသွားခဲ့တဲ့ နာမည်ကြီးကိုရီးယားကြယ်ပွင့်ဖြစ်တဲ့ Sulli ရဲ့ သေဆုံးရတဲ့အကြောင်းအရင်းအစစ်အမှန်ကို သိနိုင်ဖို့အတွက် ကျန်ရစ်တဲ့ရုပ်အလောင်းကို မိသားစုဝင်တွေရဲ့ဆန္ဒအရ ရင်ခွဲစစ်ဆေးမယ်ဆိုတဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၅ ရက်နေ့မနေ့တုန်းက ရဲဘက်ကနေ ထုတ်ပြန်အသိပေးခဲ့ပါတယ်။
အခုဆိုရင်တော့ Sulli ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးထားတဲ့ရလဒ်တွေဟာ ထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတာမဟုတ်ဘူးလို့ ရဲတွေဘက်က အတည်ပြုပေးထားပါတယ်။ စစ်ဆေးပြီးနောက် ထွက်ပေါ်လာတဲ့ရလဒ်အရ ကိုယ်ခန္ဓာအတွင်းပိုင်းမှာရော အပြင်ဘက်မှာပါ အင်နဲ့အားနဲ့ ထိုးသွင်းရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုလည်း မတွေ့ရှိခဲ့ရဘူးလို့ သိရပါတယ်။
Sulli ရဲ့ စိတ်ကျရောဂါလက္ခဏာနဲ့ပတ်သတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေရဲ့ဖွင့်ဟပြောမှုတွေကို ကောက်နုတ်ပြီးတဲ့အခါမှာတော့ ပြင်းထန်လွန်းတဲ့ စိတ်ကျဝေဒနာကြောင့် သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တာဖြစ်တယ်လို့ ရဲတွေက ယုံကြည်ထားကြပါတယ်။
မူးယစ်ဆေးတွေ သုံးစွဲထားခဲ့သလားဆိုတာနဲ့ တခြားသောတိကျတဲ့ ရလဒ်တွေထွက်ရှိလာဖို့ကတော့ နောက်ထပ်ရက်အနည်းငယ်စောင့်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ရဲတွေအနေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ဆန္ဒအရ Sulli ရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးဖို့အတွက်ကို မနေ့တုန်းက လျှောက်ထားခဲ့တာဖြစ်ပါတယ်။
တကယ်ပဲ သူမကိုယ်သူမ အဆုံးစီရင်ခဲ့တာလား၊ ဒါမှဟုတ် တစ်စုံတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာလားဆိုတာကို သေချာသိဖို့အတွက် အခုလိုမျိုး ရင်ခွဲစစ်ဆေးခဲ့တာဖြစ်ပေမယ့်လည်း အဆုံးစီရင်ခဲ့တာ သေချာတယ်ဆိုတဲ့ ထုတ်ပြန်သာထွက်လာခဲ့ပြီး ဘယ်လိုမျိုးသောပုံစံနဲ့ အဆုံးစီရင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကောင်းရမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါစေ…Choi Jin Ri ရေ။
Credit-မိုမိုလေး