သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ကတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို အလုပ်ကိစ္စသွားရောက်ဖြစ်ရာကနေ မြန်မာပြည်ပြန်အရောက်မှာ အိန္ဒိယက ဝယ်လာတဲ့ ရွှေခေါင်းလောင်းနဲ့ ဒေါင်းယပ်တောင်လေးကို သစ်တံခါး ဆရာတော်ထံလှူဒါန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စမိုင်းလ်တို့ ဇနီးမောင်နှံဟာ သစ်တံခါးဆရာတော်ကြီးကို အမြဲလိုကိုးကွယ်ဆည်းကပ်ကြသူတွေဖြစ်ပြီး သူမတို့ အမေရိကားမှာ ဝယ်ထားတဲ့အိမ်ရဲ့ အိမ်တက်မှာတောင် ဆရာတော်ကြီးကပဲ တရားချီးမြှင့်ပေးခဲ့တာပါ။
စမိုင်းလ်ဟာ မကြာသေးခင်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က သူမတို့လုပ်ငန်းရုံးခွဲတွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ အထင်ကရနေရာတွေကိုလည်း လည်ပတ်ခဲ့တာ တွေ့ရပါတယ်။ ဒီခရီးစဉ်မှာ သူမရဲ့ သမီးလေးတွေကတော့ ပါဝင်ခြင်းမရှိပဲ ခရီးစဉ်တစ်လျှောက်သူမက သမီးလေးတွေနဲ့ မြန်မာပြည်ကို လွမ်းဆွတ်နေခဲ့တယ်လို့ ဆိုပါတယ်။
အခုမြန်မာပြည်ပြန်ရောက်တယ်ဆိုရင်ပဲ သူမသမီးလေးတွေနဲ့ အလွမ်းဖြေပျော်ရွှင်နေပြီဖြစ်ပြီး သူမလုပ်နေကျ ဘာသာရေးလုပ်ငန်းလေးတွေကိုလည်း ပြန်လည်စတင်ပြီးလုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။
Cele Star