ပြိုင်ပွဲမှာ ကြုံခဲ့ရတဲ့ အမှားတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။
အက်စတာကတော့ ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့တဲ့ အမှားလေးတွေ အကြောင်း ပြောပြလာပါတယ်။ ဒီတစ်ခေါက် သီဆိုယှဉ်ပြိုင်ခဲ့တဲ့ သီချင်းတွေက သူမ အရမ်းကြိုက်တဲ့ သီချင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
Myanmar idol (Season-4) ရဲ့ ၈ ပတ်မြောက် သီဆိုယှဉ်ပြိုင်ပွဲကြီးမှာတော့ “စိတ်ခွန်အားဖြစ်စေမည့် အကျိုးပြုသီချင်းများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အက်စတာဟာ အမှား တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အပေါ် မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီည ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ အပြစ်ပုံချလို့ မရဘူးပေါ့နော်။ ဒီအရာကလည်း လုံးဝ မမှားသင့်တဲ့ အရာဖြစ်တယ်။ မောင်နှမတွေအကုန်လုံး အပတ်တိုင်းမှာ အခေါက်ခေါက်အခါခါလေ့ကျင့်တယ်၊ဆိုတယ်၊ စင်ကြောက်တာတွေတော့ လုံးဝ မရှိတော့ဘူးပေါ့နော်။ ဒီညကတော့ ညီမအတွက် ကံမပါဘူးလို့ ပြောရမှာပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညက “ စိတ်ခွန်အားဖြစ်စေမည့် အကျိုးပြုသီချင်းများ” သီဆိုရတဲ့ နေ့မှာပြောပြခဲ့တာပါ။
“စိတ်ခွန်အားဖြစ်စေမည့် အကျိုးပြုသီချင်းများ” ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ကြတဲ့ အခါမှာတော့ အက်စတာက “မြင့်မိုရ်ထက်မြင့်သော” ၊ “နေ့သစ်” စတဲ့ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့တာပါ။ ဒီပွဲမှာတော့ အက်စတာရဲ့ သီဆိုဖျော်ဖြေမှုမှာ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ရတဲ့အကြောင်းပြောပြလာပါတယ်။
“ ညီမဆိုရင်လေ ဒီသီချင်းကို အရမ်းကြိုက်တာ။ ဒီသီချင်းကို မေမေ့အတွက် ဆိုဖို့ အခွင့်အရေးရှိတယ်ဆိုပြီးတော့ အရမ်းကြီးဆိုချင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုမျိုး Error တွေက သမီးဆီမှာ ရှိလာတယ်။ အသံကလည်း လုံးဝကို မကြားတာပါ။ နောက်တော့ အသံပြန်ဝင်လာတဲ့အချိန်မှာ ချက်ချင်းကောက်ဖမ်းလိုက်တော့ အလွဲတွေဖြစ်ကုန်ရော။ စန္ဒယားဆရာကလည်း အရမ်းတော်တဲ့ ဆရာဆိုတော့ ဆရာတီးလိုက်တဲ့ သံစဉ်လေးမှာ မျှောပြီးတော့ လိုက်ဆိုလိုက်တာ ကောင်းကောင်းမွန်မွန်ဖြစ်သွားတော့ ဆရာ့ကို အရမ်းကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။
Myanmar idol (Season-4) ၈ပတ်မြောက် Result Show မှာတော့ အက်စတာ တစ်ယောက် Final အထိ ပါဝင်ခွင့်ရဦးမလား ဆိုတာ စောင့်ကြည့်ရတော့မှာပါပဲ။ သူမကိုယ်တိုင်ကလည်း ပရိသတ်အားပေးမှုနဲ့ အကောင်းဆုံး မဖြစ်လာနိုင်တာကြောင့် တောင်းပန်စကားဆိုခဲ့ပါတယ်။
“ Result Show ကတော့ ပရိသတ်လက်ထဲမှာပဲရှိတဲ့အတွက် ဒီညမှာ သမီးက အလွဲလွဲအချော်ချော်တွေ ဖြစ်သွားတဲ့အတွက် နားဆင်တဲ့သူ အားလုံးကို ဒီကနေပြီးတော့ တောင်းပန်ပါတယ်။ မနက်ဖြန်အတွက်တော့ Final List တက်တဲ့ သူအတွက် သမီးက လက်ခုပ်တီးပေးပါ့မယ်” လို့ ဆိုပါတယ်။
Esther ရဲ့ Myanmar Idol (Season-4) Voting No. 77708 ဖြစ်ပါတယ်။ သူမ ဟာ ချင်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူမ ဝါသနာပါတဲ့ သီချင်းတွေကိုတော့ Myanmar idol ပြိုင်ပွဲ မဝင်ခင်ကတည်းက သီဆိုနေတာ တွေ့ရပါတယ်။ Myanmar idol (Season-4) သီချင်းဆို ပြိုင်ပွဲမှာတော့ Esther နဲ့ အတူ အေးမြဖြူ ၊ဘင်ဂျမင်၊ စောခရစ်မူးလာ နဲ့ တန်ခွန်ကျော်တို့ကလည်း Top-5 အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဆယ်လီရပ်ကွက်