မြန်မာအိုင်ဒေါလ် season 4 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်းသူလေး အက်စတာတစ်ယောက်ကတော့ ဒီအပတ် ရုပ်ရှင်ဇာတ်ဝင်သီချင်းများ ယှဉ်ပြိုင်မှုအပတ်မှာ မြင့်မိုရ်ထက်မြင့်သောနေရာသီချင်းလေးကို ရွေးချယ်သီဆိုခဲ့ပါတယ်။
သူမဟာ အရင်အပတ်က အသံဝင်နေခဲ့တဲ့ကြားက အကောင်းဆုံးသီဆိုသွားနိုင်ခဲ့တာဖြစ်ပြီး ဒီအပတ် ရုပ်ရှင်ဇာတ်ဝင်သီချင်းများမှာအတွက် သီဆိုချိန်မှာတော့ သီချင်းစစချင်းမှာပဲ စိတ်လှုပ်ရှားလွန်ပြီး သီချင်းအဝင်စောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အက်စတာက လိမ္မာပါးနပ်စွာနဲ့ပဲ ပြန်လည်ထိန်းသွားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
သူမရဲ့ အမှားကို ထိန်းသိမ်းသွားနိုင်မှုအတွက် ဒိုင်ဖြစ်သူ ဖြူဖြူကျော်သိန်းက ချီးကျူးခဲ့ပေမယ့် ဒီနေရာဒီအဆင့်မှာ ဒီလိုအမှားမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမှားတဲ့ကြားက အကောင်းဆုံးပြန်လည်ထိန်းသိမ်းပြီး အဆုံးထိ ရှေ့ဆက်သွားနိုင်ခဲ့တာကိုတော့ ဖြူဖြူက အလေးအနက်ထား ချီးကျူးခဲ့တာဖြစ်ပါတယ်။
ဦးအောင်ကိုလတ်ကတော့ အက်စတာရဲ့ အမှားအတွက် မှားချင်သလောက်မှား ဂရုစိုက်မနေနဲ့လို့ အားပေးခဲ့သလို ဖြူဖြူနဲ့ တင်ဇာမော်တို့ဘက်ကိုလှည့်ပြီး ဒီလိုအမှားမျိုး သမီးအစ်မတွေလည်း မှားဖူးတာပဲ ဟုတ်တယ်မလားလို့လည်း အားပေးပြောဆိုခဲ့သေးတာပါ။ တင်ဇာမော်ကတော့ အက်စတာအနေနဲ့ စိတ်လှုပ်ရှားနေခဲ့တာကို မြင်ရပြီး သီချင်းကတော့ လိုက်ဖက်မှုရှိကြောင်း အနုပညာရှင်တွေတောင် မသိလိုက်ပဲ မှားသွားတာမျိုးတွေ ရှိခဲ့ကြောင်း ၊ အခုဖြစ်သွားတဲ့ အမှားအပေါ်မှာ မျက်စိမျက်နှာမပျက် တုန်ရင်တာမရှိ စိတ်ထိခိုက်သွားတာမျိုးမရှိပဲ ဆိုသွားနိုင်တာတွေအတွက် ချီးကျူးပြောဆိုခဲ့ပါတယ်။
သီချင်းအစမှာ အမှားအယွင်းဖြစ်ခဲ့တာကြောင့် အက်စတာအနေနဲ့ သီချင်းရဲ့ နောက်ပိုင်း တချို့နေရာတွေမှာလည်း သီဆိုမှု အဆင်မပြေဖြစ်ခဲ့ပေမယ့် အကောင်းဆုံးသီဆိုသွားနိုင်ခဲ့တာ တွေ့ရပါတယ်။
Cele Star