အတွေ့အကြုံရှိပြီးသားသူမို့ ရွေးချယ်လိုက်တာပါ။
အကယ်ဒမီအကဲဖြတ် အဖွဲ့ဝင်တွေထဲကမှ အကယ်ဒမီမေသန်းနု တာဝန်ယူထားတဲ့ ကဏ္ဍတွေကို အကယ်ဒမီ မျိုးသန္တာထွန်းက ပြောင်းလဲ တာဝန်ယူသွားမှာဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အကယ်ဒမီ မေသန်းနု ကိုယ်စား အကယ်ဒမီ မျိုးသန္တာထွန်းကို အစားထိုးလိုက်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပြခဲ့ပါတယ်။
“အကယ်ဒမီအကဲဖြတ်နဲ့ပတ်သက်ပြီး မဆင့်နေရာအစား ပြီးခဲ့တဲ့ ရက်ပိုင်းက အကယ်ဒမီ မျိုးသန္တာထွန်းကို အစားထိုးလိုက်ပါတယ်။ မမျိုးသန္တာထွန်းဆိုတာ လွန်ခဲ့တဲ့ ၂နှစ်၊ ၃ နှစ်လောက်ကတည်းက အကယ်ဒမီ အကဲဖြတ်တာဝန်ယူခဲ့ဖူးတယ်။ အတွေ့အကြုံလည်းရှိတာပေါ့။ မဆင့်နေရာမှာလည်း ယောက်ျားလေးကို အစားထိုးလို့ မကောင်းတော့ အမျိုးသမီးကိုပဲ အစားထိုးလိုက်တာပါ။သူတို့ Roal ထဲကနေစဉ်းစားလိုက်တော့ မမျိုးက အသင့်တော်ဆုံးပဲဆိုတော့ အကူအညီတောင်းဖြစ်သွားတာပါ။ မမျိုးကလည်း အကူအညီပေးမယ်ဆိုတော့ အဆင်ပြေသွားတာပေါ့” လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အပြစ်ဒဏ်ခံယူနေရတဲ့ အကယ်ဒမီသရုပ်ဆောင် မေသန်းနုအတွက်ကိုလည်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“ မဆင့်အတွက်ကတော့ စိတ်မကောင်းပါဘူး။ ဒါက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ စောစောစီးစီးသိလိုက်ရရင်လည်း ဝိုင်းဝန်းကူညီဖြေရှင်းပေးလို့တော့ရနိုင်တယ်။ ဒါပေမယ့် ဖြစ်ပြီးမှ သိသလို ဖြစ်ကုန်တာပေါ့။ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အယူခံဝင်လို့ရတယ်လို့တော့ သိရတယ်။ တကယ်လို့ တရားလိုဘက်က ငွေကြေးကိစ္စတွေ အဆင်ပြေသွားလို့ ပြန်ရုတ်သိမ်းပေးလိုက်ရင်တော့ ရတယ်လို့တော့ ကြားမိပါတယ်” လို့ သူကပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာထဲကမှ ဇာတ်ကား ၇၀ ကျော်ကို အကဲဖြတ်အဖွဲ့ဝင်တွေက ကြည့်ပြီးပြီလို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ အကယ်ဒမီအတွက် မဆင့်ပါဝင်ပေးခဲ့တဲ့ နေရာတွေမှာ အကယ်ဒမီ မျိုးသန္တာထွန်းက တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေက ကြည့်နေတာ ဇာတ်ကားပေါင်း ၇၀ ကျော်သွားပါပြီ။ ရွှေကြိုနဲ့ ပတ်သက်ပြီးတော့လည်း ဖောင်က ပိတ်သွားပြီ ၂၀ ရက်နေ့ စရွေးတော့မယ်။ မဆင့်က ရွှေကြိုမှာ အကဲဖြတ် ပါတယ်ဆိုရင်တော့ မဆင့်အစား မမျိုးသန္တာထွန်းက လုပ်ပေးရမှာပေါ့” ဆိုပြီးတော့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကိုတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လို့ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။
ဆယ်လီရပ်ကွက်