နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ချစ်သုဝေက သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ မွေးနေ့အမှတ်တရအဖြစ် ဒီစာလေးကို ရေးသားထားပါတယ်။
“သမီးလေးတို့ရေ … ဖြည်းဖြည်းလေးကြီးပြင်းပါလေ။ သမီးလေးတို့နဲ့ပတ်သက်သမျှသော အချိန်တိုင်းဟာ မေမေမေ့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့အချိန်တွေ မေမေ အမြဲမက်မောတောင့်တနေမယ့် နေ့စွဲတွေချည်းပါပဲ။ ကိုယ်ဝန်ဆောင်တုန်း,၊ မီးဖွားတုန်း၊ နို့စို့နေတုန်းအရွယ်လေးကနေ.. ငုတ်တုတ်လေးထိုင်၊ သွားလေးပေါက်၊ လမ်းလေးလျောက်လို့၊ ခုစကားတွေတီတီတာတာပြော တဲ့အရွယ်ရောက်ပြီ။”
“ခြေလက်လေးတွေယက်ကန် မေမေ့မျက်နှာလေးကို စမ်းတတ်တဲ့အရွယ်ကနေ ခု my mommy လို့တစ်ဖွဖွပြောပြီး မေမေ့လက်လေးတွေ၊ ပခုံးလေးတွေ၊ နဖူးလေးတွေ၊ ပါးလေးတွေကို နမ်းတတ်နေပြီ။ (မေမေကတော့ မွေးကတည်းက ခုထိ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နမ်းနေမိလဲတောင် မသိတော့ပါဘူး) အကျီ လေးတွေရွေးပေးဆင်ပေးရတဲ့ အရွယ်ကနေ သမီးလေးတို့ဝတ်ချင်တာတွေကိုရွေးတတ် ကိုယ့်ဘာသာကိုယ်ဝတ်တတ်တဲ့အရွယ်ရောက်လာပြီ။”
“ကလေးတစ်ယောက်ကြီးပြင်းဖို့ ပြုစုစောင့်ရှောက်ရတာ စိတ်ရော၊ လူရော သိပ်ပင်းပမ်းတယ်သမီးလေးတို့ရေ။ တစ်ခါခါ တစ်ယောက်တည်း ထွက်ပြေးချင်စိတ်တွေ ပေါ်လာတာတွေ၊ ချုံးပွဲချငိုမိတာတွေ,၊ ဘာတွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ။ လမ်းပျောက်တာတွေ၊ အိပ်ပျက်ညတွေ၊ သမီးလေးတို့နေမကောင်းရင် ကမ္ဘာပျက်သလိုဖြစ်ရတဲ့အချိန်တွေ၊ တခါခါ စိတ်မရှည်မိတာတွေ၊ ညည်းမိတာတွေ၊ လေသံမာမာနဲ့ ဆိုဆုံးမရတာတွေအတွက် မေမေ့ကို ခွင့်လွှတ်ပါ ကလေးလေးတွေရယ်နော်”
“သြော် အမေတစ်ယောက် ဖြတ်သန်းရတာတွေဟာ အတော်ကိုမလွယ်ကူတဲ့အရာတွေပဲ သမီးလေးတွေရေ။ ဒါပေမယ့်လေ မေမေတို့ အမေတွေဟာအဆန်းသား။ အဲ့လိုစိတ်တွေရဲ့တစ်ဖက်မှာလည်း တစ်ဘဝလုံး နစ်မြှုပ်ထားရတာကို ကျေနပ်ပီတိဖြစ်သလို၊ သမီးလေးတို့ရဲ့ ရယ်သံလေးဟာ၊ အပြုံးလေးဟာ၊ အနမ်းလေးတွေဟာ ဘယ်အရာနဲ့မှ ယှဉ်မရတဲ့ အပျော်တွေ, ခွန်အားတွေဖြစ်နေပြန်တယ်။ ကျေးဇူးပါသမီးလေးတွေ သမီးလေးတွေကြောင့် မေမေဟာ ပိုမိုကောင်းမွန်တဲ့ လူဖြစ်ဖို့ကိုပဲ အဖက်ဖက်ကအားထုတ်တတ်လာတယ်။”
“မေမေ့သမီးလေးတွေကို မပင်ပမ်းစေချင်တော့ ဒီမေမေနဲ့ ဒီဖေဖေဟာရုန်းနေဦးမှာပဲ။ သမီးလေးတွေကြီးလာလို့ ဘယ်အရွယ်လေးကို ပြန်ကြည့်ကြည့် မေမေဟာ သမီးလေးတို့ရဲ့ ရုပ်နာမ်နှစ်မျိုးလုံးမှာ အတူရှိပေးနေမယ်နော်❤” ဆိုပြီး ပြောထားပါတယ်။
ချစ်သုဝေက သမီးလေးတွေနဲ့ ပက်သတ်ရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ သူရဲကောင်းမေမေပါပဲ။ ချစ်သုဝေရဲ့ စာလေးကိုဖတ်ပြီး မေမေတွေရဲ့ နှလုံးသားလေးကို တွေ့မြင်လိုက်ရပြီး မျက်ရည်တောင် ဝဲမိပါတယ်။
မိုမိုလေး