နှစ်ပေါင်းများစွာ လက်တွဲလာကြပေမယ့် ယနေ့တိုင် အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေ မလျော့ပါးသွားဘူးဆိုတာ လွင်မိုးတို့ ဇနီးမောင်နှံရဲ့ အပြုအမူလေးတစ်ခုက သက်သေပြနေတာပါ။
လွင်မိုးတို့ ဇနီးမောင်နှံ ၂ ယောက်က ပြင်ဦးလွင်၊ ကန်တော်ကြီးဥယျာဉ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခမ်းနားသိုက်မြိုက်လွန်းလှတဲ့ ပြည့်ဖြိုးတေဇတို့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာပါ။ ပြည့်ဖြိုးတေဇတို့ မင်္ဂလာပွဲ နဲ့ပတ်သက်ပြီးတော့လည်း ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲဖြစ်ကြောင်း၊ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားမြတ်နိုးလွန်းတဲ့သူဖြစ်ကြောင်း စတဲ့အကြောင်းအရာတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ရေပန်းစား လူပြောများနေခဲ့ကြတာဖြစ်ပါတယ်။
မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက တစ်ခုဖြစ်တဲ့ မင်္ဂလာပွဲကြီးက သိပ်ကိုခမ်းနားလွန်းခဲ့တဲ့အချိန်မှာ မိန်းကလေးတွေရဲ့ အားကျနှစ်ခြိုက်ရခြင်းတွေကိုပါ ရရှိခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကြီးပြီးဆုံးသွားပေမယ့်လည်း သူတို့ ဇနီးမောင်နှံရဲ့တန်ဖိုးထား မြတ်နိုးပုံတွေ၊ ရိုဆန်လွန်းလှပုံတွေကို စာစီဖွဲ့ပြီးရေးသားမှုတွေက ရှိနေဆဲပါပဲ။
ဒီလို ရိုဆန်မှုများစွာနဲ့ပြည့်နှက်နေတဲ့ ဒီပွဲကြီးထဲမှာတော့ လွင်မိုးရဲ့ ချစ်ခြင်းမေတ္တာလုပ်ရပ်လေးတစ်ခုကလည်း ပြောစမှတ်တွင်စရာဖြစ်နေခဲ့ပါတယ်။ ဇနီးဖြစ်သူ မေသူ ဆံပင်စည်းလာခဲ့တဲ့ မိန်းကလေး ခေါင်းစည်းကြိုးလေးကို လွင်မိုးက သူ့ရဲ့ လက်မှာပတ်ပြီး မင်္ဂလာပွဲကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ပုဆိုး၊ တိုက်ပုံနဲ့ ဝတ်ကောင်းစားလှ လူတစ်ယောက်ရဲ့ လက်မှာ မိန်းကလေး ခေါင်းစည်းကြိုးပတ်ထားတာကို တွေ့မိမြင်မိသူအတွက်တော့ တစုံတယောက်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတရား ဘယ်လောက်ကြီးမားတယ်ဆိုတာ ပြသနေသလို ခံစားမိစေပါတယ်။
လွင်မိုးရဲ့ ဒီလို အပြုအမူလေးတစ်ခုကိုပဲ ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကြတာကို တွေ့ရတာပါ။ လွင်မိုးက လက်ရှိအချိန်မှာ မြေးလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာဖြစ်ပါတယ်။
Cele Star