သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ ပရိသတ်တစ်ဦး ညောင်ဆယ်ပင် အဓိဌာန်ဝင်ပြီးနောက် သိန်း ၁၀၀ အောင်ဘာလေထီဆုပေါက်သွားလို့ ဝမ်းသာနေခဲ့ပါတယ်။
ဘာသာတရား အလွန်ရိုသေကိုင်းရှိုင်းပြီးတော့ အလှူအတန်းမှာလည်း သဒ္ဒါရက်ရောလွန်းတဲ့ စမိုင်းလ်တို့ မိသားစုအကြောင်းကို ပရိသတ်ကြီးသိကြမှာပါနော်။ စမိုင်းလ်ဟာ မကြာခဏ အလှူအတန်းတွေနဲ့ပေးကမ်းစွန့်ကြဲမှုတွေကို ပြုလုပ်တတ်သူပါ။ မိခင်ရဲ့ တိုက်တွန်းချက်တွေကို တသွေမသိမ်းလိုက်နာပြီး ကိုယ်တိုင်လည်း ဘုရား၊ တရားတွေစဉ်ဆက်မပြတ် လုပ်သလို သူမလိုပဲ ဘာသာတရားတွေ လိုက်လုပ်ကြဖို့ ပါရမီဖြည့်ပြီး ဆောင်ရွက်နေသူတစ်ဦးပါ။
သူမဟာ ကျိုက်ငါးကျိုက် အဓိဌာန်ကြီးကိုလည်း လူပေါင်း ၁၂၀၀ ကျော်နဲ့အတူ ပထမဆုံး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သူပါ။ ကျိုက်ငါးကျိုက်အပြင်၊ ညောင်ဆယ်ပင် အဓိဌာန်ကိုလည်း မန္တလေးမြို့ကပရိသတ်တွေ ဝင်နိုင်အောင် လုပ်အား၊ ငွေအားနဲ့ စီစဉ်ပေးခဲ့ပါတယ်။ ယခုအခါ ရွှေတိဂုံ-ကျိုက်ထီးရိုးကက်ကင်း အဓိဌာန်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီကနေ့ ၁၂ ကြိမ်မြောက် အောင်ဘာလေသိန်းထီပေါက်စဉ် ထွက်တဲ့နေ့မှာတော့ သူမစီစဉ်ပေးတဲ့ ညောင်ဆယ်ပင်အဓိဌာန်ကိုဝင်ခဲ့ပြီး ဆုတောင်းခဲ့တဲ့ ပရိသတ်တစ်ဦးက သိန်း ၁၀၀ ထီဆုကြီးပေါက်သွားခဲ့လို့ မျက်ရည်ကျမတတ်ဝမ်းသာနေခဲ့တာဖြစ်ပါတယ်။
“ညီမလေးရေအခုလိုမြင်ရတာနဲ့တင် အမပိုက်ဆံတွေ အချိန်တွေ အားတွေကုန်ရကျိုးနပ်ပါပြီ။ မျက်ရည်ကျမိတဲ့အထိဝမ်းသာပါတယ်ညီမရယ် .. ကိုယ့်ကြောင့်သူတစ်ပါးစိတ်ချမ်းသာရရင်ကိုပဲအမဦးဆောင်ရကျိုးနပ်ပါတယ်🙏🏼” လို့ သူမရဲ့ ပီတိလေးတွေကို ဖော်ပြလာပါတယ်။
စမိုင်းလ်က သူမ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ပါဝင်သူတွေ လက်တွေ့အကျိုးခံစားနေရတာကိုကြည့်ပြီး မျက်ရည်ကျမတတ်ဝမ်းသာနေခဲ့တာပါ။ စမိုင်းတစ်ယောက် ဒီထက်ပိုပြီး ဘာသာတရားအကျိုးတွေကို ထမ်းပိုးဆောင်ရွက်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Cele Star