ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် ဝေဖန်ဆဲဆိုသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို ထောင်ဒဏ် ၇ နှစ်နှင့်ဒဏ်ငွေ ၁ သိန်းချမှတ်လိုက်ကြောင်း သိရသည်။
ယနေ့(စက်တင်ဘာလ ၁၈ ရက်)၌ ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ပေါ်တွင် ဆဲဆိုဝေဖန်သည့်စာများ ရေသားသည်ဟုဆိုကာ ငါးမင်းဆွေ(ခေါ်) ဦးမင်းဆွေကို ၂၀၁၈ ခုနှစ်၊ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်း၌ လှိုင်မြို့မရဲစခန်းမှ ပုဒ်မ ၁၂၄(က)ဖြင့် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ၁၂၄(က) ဆိုသည်မှာ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသောနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရတည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း ပြုလျှင်(သို့တည်းမဟုတ်)ထိုသို့ပြုရန် အားထုတ်လျှင်(သို့တည်းမဟုတ်) မေတ္တာပျက်အောင် လှုံ့ဆော်လျှင်(သို့တည်းမဟုတ်)ထိုသို့လှုံ့ဆော်ရန် အားထုတ်ပါက ပြစ်မှုမြောက်ကြောင်း သိရသည်။
ပြစ်ဒဏ်အဖြစ် ငွေဒဏ်နှင့်တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
မှတ်ချက်-အကုန်သိစာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။