လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာတွင် ယနေ့ နံနက်ပိုင်းက အသက် ၅၆ နှစ်အရွယ် ဝါးကြီး (ခ) ခင်မောင်လွင်ဆိုသူကို သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့သည့်အဖွဲ့မှ အမျိုးသားငါးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားကြာင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“လူသတ်ပြီး ကားနဲ့ ထွက်ပြေးတဲ့အဖွဲ့က ကားသမားကို လှိုင်သာယာမှာ ဖမ်းမိခဲ့တယ်။ စက်လှေနဲ့ ထွက်ပြေးတဲ့သူတွေကို တွံတေးဘက်မှာ ထပ်ဖမ်းမိထားပြီး သေနတ်အရှည်တစ်လက်၊ အတို တစ်လက်ကိုပါ သိမ်းဆည်းရမိထားတယ်။ လက်တလော အမှုဖြစ်စဉ်က စစ်ဆေးနေတုန်း”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
“အကြွေးကိစ္စနဲ့ပတ်သက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ ကြားမိတယ်။ သေဆုံးသူကလည်း ဇိုးတစ်ယောက်ပဲ။”ဟု အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ဦးခေါင်းနောက်စေ့နှင့် နားထင်တွင် ကျည်မှန်ဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးခဲ့သူ အသက် ၅၆ နှစ် ဝါးကြီး (ခ) ခင်မောင်လွင်၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားသည်။
မှတ်ချက်-The Voice သတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားသည်။